ဆောင်းရာသီတွင်ဖြစ်တတ်သော အရေပြားခြောက်သွေ့ခြင်း
21-Dec-2021
ဆောင်းရာသီတွင်ဖြစ်တတ်သော အရေပြားခြောက်သွေ့ခြင်း
=====
ဒီနေ့မှာတော့ ဆောင်းရာသီတွင်ဖြစ်တတ်သော အရေပြားခြောက်သွေ့ခြင်း နှင့်ပက်သတ်ပြီး ပြောပြသွားပါမယ်။
သင့်ရဲ့အရေပြားမှာ အပူအအေး၊ ဓာတ်ရောင်ခြည်များကိုကာကွယ်ပေးတဲ့အဆီ(Protective Oils) လုံလုံလောက်လောက်မရှိတဲ့အခါမှာ စိုစွတ်နူးညံမှုနည်းလာပါတယ်။ အရေပြားရဲ့ အပြင်ဆုံးအလွှာမှာ ရေဓာတ်အလုံအလောက်မရှိတော့တဲ့အတွက် အရေပြားဟာ ခြောက်သွေ့ကွဲအက်လာပါတယ်။ ဒါကိုတော့ အထူးသဖြင့် လေထုစိုထိုင်းမှုနည်းတဲ့ ခြောက်သွေ့အေးမြတဲ့ ဆောင်းရာသီမှာ အတွေ့ရအများဆုံးဖြစ်ပါတယ်။
အရေပြားခြောက်သွေ့စေတဲ့ အခြားအကြောင်းများကတော့
-ဆပ်ပြာအလွန်အကျွံသုံးခြင်း
-အပူပြင်းသောရေကိုသုံးခြင်း
-စူးရှသော ဓာတုဗေဒပစ္စည်းများပါဝင်တဲ့ အသုံးဆောင်များနှင့် ထိတွေ့မှုရှိခြင်း
-အသက်အရွယ်အိုမင်းလာခြင်း
-အာဟာရမျှတအောင်မစားခြင်း
-ရေသောက်နည်းခြင်း စသည်တို့ပဲဖြစ်ပါတယ်။
အရေပြားခြောက်သွေ့တယ်ဆိုတာကတော့ ကြီးမားတဲ့အဆင်မပြေမှုတစ်ခုမဟုတ်ပေမယ့် အခြားများစွာသော ကျန်းမာရေး ပြဿနာများနဲ့ ဒွန်တွဲလာတဲ့အခါမှာတော့ သင့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ အရေပြားခြောက်သွေ့တဲ့အခါမှာဆိုရင်
-ယားယံခြင်း
-အရေပြားထူထဲထဲဖြစ်ခြင်း( အရေပြားကြမ်းခြင်း)
-အရေပြားကွဲအက်ကာ နာကျင်ခြင်း
-အပေါ်ယံအရေပြားများကွာခြင်း(အကြေးများထခြင်း) စသည်တို့ ခံစားရနိုင်ပါတယ်။
အရေပြားမခြောက်သွေ့အောင် ကာကွယ်လို့ရမယ့်နည်းလမ်းများရှိပါတယ်။
-ပူလွန်းတဲ့ရေကို မသုံးသင့်ပါ။ သင်ဟာ သင့်ရဲ့အရေပြားကို ရေဓာတ်ပြည့်ဝစေမှာဖြစ်တဲ့အတွက်ကြောင့် ရေများများနဲ့ စိမ်ထားမယ်လို့ စိတ်ကူးရှိကောင်းရှိနိုင်ပါတယ်။ တကယ်တော့ ရေဟာ သင့်ရဲ့အရေပြားကို ပိုပြီးတော့ ခြောက်သွေ့စေနိုင်ပါတယ်။ အထူးသဖြင့် ပူလွန်းတဲ့ရေ၊ ဆပ်ပြာရည်တို့ပါပဲ။ ရေဆေးခြင်းဖြင့် သင့်ရဲ့အရေပြားမှာရှိတဲ့ အစိုဓာတ်ထိန်းပေးနိုင်တဲ့အဆီတွေကို ကုန်သွားစေနိုင်ပါတယ်။ ဒါကြောင့် ရေကို တတ်နိုင်သမျှ မြန်မြန်ချိုးပါ။ ၁၀မိနစ်ထက်မကြာပါစေနှင့်။ ရေကိုလည်း နွေးရုံထက် မပိုပါစေနဲ့။
-ဆပ်ပြာဟာလည်း သင့်အရေပြားမှာရှိတဲ့ အစိုဓာတ်ထိန်းပေးတဲ့အဆီများကို အလွယ်တကူ ဖယ်ရှားပစ်နိုင်တဲ့အတွက်ကြောင့် ဆပ်ပြာကို တတ်နိုင်သမျှ လျှော့သုံးပါ။ ရံဖန်ရံခါလောက်ပဲသုံးပါ။
-အရေပြားအစိုဓာတ်ထိန်းတဲ့ Moisturizer များသုံးပါ။ မိမိနဲ့သင့်တော်တဲ့ အစိုဓာတ်ထိမ်းလိမ်းဆေးများကို မှန်မှန်ကန်ကန်သုံးမယ်ဆိုရင် အရေပြားခြောက်သွေ့ခြင်းကို ကုသလို့ရပါတယ်။ ကာကွယ်လို့လည်းရပါတယ်။ အစိုဓာတ်ထိမ်းဆေးမှာ အခြေခံအားဖြင့် ၄ မျိုးရှိပါတယ်။ ဆေးဆိုင်များမှာ အလွယ်တကူဝယ်လို့ရပါတယ်။
Ointment moisturizer, Oil moisturizer, Cream moisturizer နဲ့ Lotion moisturizer ဆိုပြီး ၄ မျိုးှရှိပါတယ်။
Ointment moisturizer ကတော့ လိမ်းပြီးတဲ့အခါမှာ စေးစေးပိုင်ပိုင် ခံစားနေရနိုင်ပါတယ်။ အစိုဓာတ်ကိုတော့ အကောင်းဆုံးထိန်းနိုင်ပါတယ်။
Oil moisturizer ကတော့ လိမ်းပြီးတဲ့အခါမှာ အနည်းငယ်တော့ စေးပိုင်နေတတ်ပါတယ်။ ဒါပေမယ့် အစိုဓာတ်ကိုတော့ ကောင်းကောင်းထိန်းနိုင်ပါတယ်။
Cream moisturizer ကတော့ အခြားဟာတွေထက်ပိုပြီးတော့ လူကြိုက်များပါတယ်။ ဘာကြောင့်လဲဆိုတော့ အရေပြားက အလွယ်တကူပဲ စုပ်ယူနိုင်တဲ့အတွက်ကြောင့်ပါ။
Lotion moisturizer ကတော့ အရက်(Alcohol)ပမာဏများများပါဝင်တဲ့အတွက်ကြောင့် အစိုဓာတ်ထိန်းနိုင်စွမ်း အလွန်နည်းပါတယ်။
အိမ်တွင်းအလွယ်တကူကုသနည်းအနေနဲ့ကတော့ ရှားစောင်းလက်ပတ်အတွင်းသားများကို ခြစ်ပြီး အရေပြားခြောက်သွေ့တဲ့နေရာတွေကို သုတ်လိမ်းပေးလို့ရပါတယ်။
အရေးကြီးတဲ့အချက်ကတော့ အာဟာရကို မျှတအောင်စားပေးရပါမယ်။ အထူးသဖြင့် အရည်ရွှမ်းသော သစ်သီးများ၊ ဟင်းသီးဟင်းရွက်များများစားပေးပါ။ ရေများများသောက်ပေးပါ။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။
ဆောင်တွင်းကာလများတွင် အရေပြားခြောက်သွေ့ခြင်းအန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေ။
Dr.Lwin Moe Kyaw
Reference- healthline
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
